ကျောင်းသားများ၏အတွေ့အကြုံခံစားနှင့်ချက်များ

အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသာသနာပြုကျောင်းနှင့် ပက်သက်၍ကျွန်မ၏ရင်တွင်းခံစားချက်နှင့်အတွေ့ကြုံများ

1. Khun Thet Aung
2. San Myint Mar
3. Kyi Phoo Naing
4.Yin Moe Aye
5.Yin Myo Aye

 




၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးချိန် အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်းသို့ English နဲ့ Computer သင်ဖို့ကျွန်‌တော်စတင်ရောက်ရှိခဲ့ပါတယ်။ ထိုအချိန်ကစပြီး ကျွန်တော့ဘဝရဲ့ပထမဆုံး နိုင်ငံခြားသား Native speaker တွေနဲ့ သင်ကြားပြောဆိုခွင့်ရရှိခဲ့ပါတယ်။ မထင်မှတ်ပဲ အဂ္ဂါစာရကိုတည်‌ထောင်တဲ့ သီလရှင်ဆရာကြီးနှစ်ပါးမှ တစ်ပါးက နိုင်ငံခြားသားဖြစ်တာကြောင့် နိုင်ငံခြားသားတွေရဲ့နေထိုင်မှုပုံစံတွေကိုလဲ လေ့လာအတုယူခွင့်ရခဲ့ပါတယ်။ နောက်ပြီး ဆရာကြီးနှစ်ပါးလုံးက နိုင်ငံတကာကို သာသနာပြုဖို့နဲ့ ပညာသင်ကြားဖို့သွားရောက်ဖူးတာကြောင့် ဆရာကြီးတို့ထံကနေ နိုင်ငံခြားအတွေ့အကြုံတွေနားထောင်ခဲ့ရတဲ့အတွက် ဗဟုသုတတွေလဲတိုးပွားစေပါတယ်။ ပညာရေးတစ်ခုတည်းမဟုတ်ဘဲ ဘာသာရေးအတွက်လဲ လမ်းညွှန်သွန်သင်ဆုံးမပေးလေ့ရှိပါတယ်။ ဘာသာရေးဗဟုသုတတွေ၊ စိတ်ဓာတ်မြင့်တင်ရေးအကြောင်းအရာတွေကိုလဲ အမြဲလမ်းညွှန်ပြောပြပေးလေ့ရှိပါတယ်။ ကျောင်းတွင်းအလှူအတန်းများရှိတဲ့အချိန်ဆိုရင် ကျောင်းသားများစုပေါင်းကူညီ ဝေယျာဝစ္စကုသိုလ် ယူခြင်းဖြင့် ကျောင်းသားများအချင်းချင်း ပိုမိုခင်မင်ရင်းနှီးမှုရှိပြီး ပေါင်းသင်းဆက်ဆံရေးများ ကောင်းမွန်လာ‌စေပါ‌တယ်။ 

စာသင်ကြားမှုအပိုင်းမှာတော့ ကျောင်းသားတွေဟာ အမြဲတမ်းသင်ယူသူအနေနဲ့မဟုတ်ဘဲ နောက်ထပ်ရောက်လာတဲ့ကျောင်းသားအသစ်များကို သင်ကြားသူအနေနဲ့ ပြန်လည်သင်ကြားပေးရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ နောက်ပြီး သင်ကြားမှုထက် မိမိကိုယ်တိုင်လေ့ကျင့်မှုအချိန် ပိုများပြီး သင်ကြားမှုတစ်ခုစီအတွက် project တစ်ခုစီရှိတာကြောင့် လက်တွေ့လေ့ကျင့်မှုများ ပိုများစေပါတယ်။ဒါကြောင့် ကျွန်တော့အတွက်ကတော့ အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာ သီလရှင်သာသနာပြုရိပ်သာကျောင်းဟာ ပညာရေး၊ ဘာသာရေးနဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေမှာ တိုးတက်မှုရှိစေတဲ့အပြင် အေးချမ်းမှုကိုပါပေးတဲ့သီလရှင်သာသနာပြုရိပ်သာကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။

San Myint Mar




ကျွန်မအမည်သည်မစန်းမြင့်မာဖြစ်ပါသည်။ကျွန်မသည်ကျေးရွာတစ်ရွာမှလာရောက်ခြင်းဖြစ်သည်။မှော်ဘီရှိဦးလေး၏အသိမိတ်ဆွေများမှတဆင့်အဂ္ဂါစာရကျောင်းကိုသိခဲ့ခြင်းဖြစ်သည်။အဂ္ဂါစာရ၏ဂုဏ်သတင်းကိုကြားသိရသည်နှင့်တက်ရောက်လိုစိတ်များဖြစ်ခဲ့သည်။ထို့ကြောင့်၂၀၂၁ခုနှစ်၄လပိုင်းတွင်ဦးလေးနှင့်အတူကျောင်းသို့လာ၍ဆရာကြီးဘုရားနှင့်‌တွေ့ဆုံ၍စာရင်းပေးအပ်နှံခဲ့ပါသည်။ဆရာကြီးဘုရားဒေါ်အဂ္ဂဝတီ၏နွေး‌ထွေးစွာကြိုဆို၍လက်ခံခဲ့မှုကြောင့်အရမ်းပျော်ခဲ့ရပါသည်။ကျောင်းစတင်တက်ရောက်သည့်နေ့တွင်လည်းဆရာကြီးဘုရားမှစာသင်ကြားပေးမည့်ဆရာကြီးဒေါ်စာလာနှင့်မိတ်ဆက်ပေးခဲ့ပါသည်။ကျွန်မသည်( Computer, English ,Japanese)တို့ကိုလေ့လာနေပါသည်။ကွန်ပျူတာမှာအခြေခံအဆင့်ပြီးပြီဖြစ်သည်။

                   English လေ့လာရာတွင်လည်းယခင်ကထက်ပိုနားလည်တိုးတက်လာသည်ဟုထင်မိပါသည်။ဆရာကြီး‌ဒေါ်စာလာ၏သင်ကြားမှုမှာနားလည်လွယ်၍တက်မြောက်လွယ်ပါသည်။ကျွန်မသည်တရုတ်စာကိုလည်းဆရာကြီးထံမှအနည်းငယ်လေ့လာခဲ့၍နည်းနည်းပြောတက်ပါသည်။ယခုအခါဂျပန်စာကိုလည်းN5 သင်ယူပြီးဖြစ်ပါသည်။ကျောင်း၌ပညာ‌ရေးအပြင်ဘာသာရေးအတွက်လည်းတရားထိုင်ခြင်း၊ဘုရားရှိခိုးခြင်းများပြုလုပ်ရပါသည်။အဝတ်အစားကိုလည်းသေသပ်လုံခြုံစွာဝတ်ဆင်၍လာရပါသည်။ဗဟုသုတရစရာစကားများကိုလည်းဆရာကြီးနှစ်ပါးမှကြုံသည့်အခါတိုင်းပြောပြ‌လေ့ရှိပါသည်။

                  ကျောင်းမှကျောင်းသား၊ကျောင်းသူများမှာပညာလည်းရ၍လိမ်မာ ယဥ်ကျေးသူများဖြစ်လာရပါသည်။‌ကျွန်မသည်ကျောင်းတွင်တက်ရောက်ရသည်မှာအရမ်းပျော်ပါသည်။ကျောင်းတွင်အလှူပွဲများလည်းပြုလုပ်လေ့ရှိပါသည်။ကျောင်းသား၊ကျောင်းသူများစုံညီစွာလာရောက်၍ကူညီကြသည်မှာပျော်ရွှင်ကြည်နူးစရာကောင်းပါသည်။ဆရာကြီးဘုရားတို့သည်ကျောင်းသူ၊ကျောင်းသားများအတွက်ပညာရေး၊ဘာသာရေး၊ပျော်ပွဲများစသည်ဖြင့်စေတနာထားဆောင်ရွက်ပေးပါသည်။ဆရာကြီးဘုရားတို့၏‌စေတနာနှင့်မေတ္တာကိုကြည်ညိုလေးစားသော‌ကြောင့်စာပိုကြိုးစား၍အများအကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်သောသူဖြစ်စေရန်ကြိုးစားမည်ဟုဆုံးဖြတ်ထားပါသည်။

Kyi Phoo Naing



         ကျွန်မအမည်မှာ ကြည်ဖူးနိုင် ဖြစ်ပါသည်။ ကျွန်မသည် ထိုကျောင်းကို ၂၀၁၈ မတ်လ ၌စတင်ရောက်ရှိခဲ့ပါသည်။ အဂ္ဂါစာရသည် ပရဟိတ ကျောင်းဖြစ်ပြီး အေးချမ်းတိတ်ဆိတ်သောနေရာ၌ ရှိပါသည်။ကျွန်မသည်ထိုကျောင်း၌  ( English, Japanese and Computer ) သင်တန်းများကို တက်ရောက်သင်ကြားနေပါသည်။

    ဂျပန်စာ၌ n5 ပြီးမြောက်ပြီဖြစ်ပါသည်။ ယခင်ကိုဗစ် ၁၉ မဖြစ်ခင်ကာလများတွင် နိုင်ငံခြားသားဧည့်သည်များ လာရောက်သင်ကြားပေးခဲ့ပါသည်။ ထိုအချိန်တွင် အင်္ဂလိပ်စာကို သင်ကြားရာတွင် မြန်မာစကားကို အသုံးပြုခြင်းမရှိဘဲ သင်ကြားခြင်းသည် ကျွန်မအတွက် ပထမဦးဆုံးဖြစ်ခဲ့ပါသည်။

     ယခုအခါတွင် ဆရာကြီးဒေါ်စာလာ ထံမှအင်္ဂလိပ်စာကို ဘာသာရေးစာပေများနှင့် တွဲဖက်သင်ကြားရခြင်းအတွက်ကြောင့် အသိပညာ ဗဟုသုတများ ပိုမိုတိုးပွါးလာသည် ဟုခံစားမိပါသည်။လက်ရှိ၌လည်း ကွန်ပျူတာအခြေခံသင်ကြားနေပြီဖြစ်ပါသည်။

     အဂ္ဂါစာရ၌ပညာသင်ကြားရာတွင် သူငယ်ချင်းအသစ်များတိုးလာ၍ ပေါင်းသင်းဆက်ဆံရေး၌လည်းတိုးတက်လာသည် ဟုခံစားမိပါသည်။ုနိုင်ငံခြားသားဧည့်သည်များနှင့် စကားပြောရာတွင် မတူညီသောနိုင်ငံများမှလာသောကြောင့် အင်္ဂလိပ်လေယူလေသိမ်းများ မတူညီတာများလည်း လေ့လာရပါသည်။ နိုင်ငံခြားသားများ သူငယ်ချင်းများနှင့် အတူရွှေတိဂုံဘုရားသို့ သွားခဲ့ဖူးပါသည်။ 

      ကျောင်း၌အလှူဒါနပွဲများပြုလုပ်သည့် အခါမျိုးတွင်လည်း ကျွန်မသည်ဝေယျာဝစ္စကုသိုလ်များကို ရယူလေ့ရှိပါသည်။ကျောင်း၌မြန်မာနှစ်သစ်ကူးအချိန်ခါတွင် တရားစခန်းဖွင့်လှစ်သောအခါ၌ ကျွန်မသည်တရားစခန်းဝင်ခဲ့ပါသည်။ဆရာကြီးဘုရားဒေါ်အဂ္ဂဝတီ၊ သူငယ်ချင်းများနှင့်ဘုရားဖူးထွက်သည့်အခါများသည် ကျွန်မအတွက်ပျော်ရွှင်စရာကောင်းသော အမှတ်တရများဖြစ်ခဲ့ပါသည်.

        ဆရာကြီးဘုရားနှစ်ပါးမှမိန့်ကြားသော ဆုံးမစကားများထဲ၌ကျွန်မအကြိုက်ဆုံး ဆုံးမစကားများရှိပါသည်။ထိုဆုံးမစကားမှာ စာကြိုးစားရုံနှင့်မလုံလောက်ဘဲ ဘာသာရေးနှင့်တွဲလုပ်ပါမှ ကံ၊ ဉာဏ်၊ ဝိရိယ သုံးချက်လုံး အားကောင်း၍မိမိလိုချင်သော ပန်းတိုင်ကိုလျှင်မြန်စွာရောက်ရှိမည်ဖြစ်ကြောင်း ကျွန်မအနှစ်သက်ဆုံး ဆုံးမစကားတစ်ခွန်းဖြစ်ပါသည်။ 

        ကျွန်မသည် အဂ္ဂါစာရကျောင်းအနီးနားသို့ ကျွန်မ၏နေအိမ်တည်ရှိနေခြင်းမှာ ကျွန်မ၏ကံကောင်းမှုတစ်ခုဟုယူဆမိပါသည်။ ကျွန်မ၏မိခင်ကျောင်းတော်ကြီး ဟူ၍လည်းသတ်မှတ်ထားပါသည်။ ထို့ကြောင့် ဆရာကြီးဘုရားနှစ်ပါးနှင့်အတူ ကျွန်မကိုသင်ကြားပေးဖူးခဲ့သော ဆရာ၊ဆရာမများနှင့် ယခုလက်ရှိသင်ကြားပေးနေသော ဆရာ၊ဆရာမများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ဒီနေရာ၌ပြောကြားချင်ပါသည်။


Yin Moe Aye





      ကျွန်မ သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် အဂ္ဂါစာရသို့စတင်ရောက်ရှိလာခဲ့ပါသည်။ ကျွန်မသည် သင်တန်းတက်ရန် ဒေါ်ဒေါ်ဘုရား၏အကူအညီဖြင့် ရန်ကုန်သို့ရောက်လာခဲ့ပြီး အဂ္ဂါစာရသို့သင်တန်းတက်ရန် ညွှန်ကြားကာ ဤသင်တန်းသို့ တက်ရောက်ဖြစ်ခဲ့သည်။ကျွန်မသည် ပထမ၌ ကွန်ပျူတာသင်တန်းတက်ရန် ရည်ညွှန်းထားသော်လည်း ကျွန်မ၏ ညီမ နှင့် သူငယ်ချင်းညီမ တို့ သည် အင်္ဂလိပ်စာ သင်တန်းပါ အတူတူတက်ရန် ပြောသောကြောင့် အင်္ဂလိပ်စာ သင်တန်းပါ တက်ရောက်ဖြစ်ခဲ့သည်။ ယခုအခါ အင်္ဂလိပ်စာ ၊ ကွန်ပျူတာ သာမက ဂျပန်သင်တန်းပါ တက်ရောက်နေပါသည်။ 

      အဂ္ဂါစာရသည် လူငယ်များအတွက် သင်တန်းများကို ပညာဒါနအဖြစ် သင်ကြားပေးရုံသာမက ကလေးငယ်များကိုလည်း နွေရာသီမှာလည်း နွေရာသီ၌ ဓမ္မသင်တန်း နှင့် အတန်းကျောင်းစာများကို လည်းသင်ကြားပေးသည်။ကျွန်မတို့ သူငယ်ချင်း(၃) ယောက် တို့သည် ပညာဒါနအဖြစ်လည်း ကလေးငယ်များကို  ဝိုင်းဝန်းကူညီသင်ကြားပေးနေပါ သည်။ ကလေးများကို ပြန်လည်သင်ကြားခွင့်ရသည့် အတွက်လဲ ဝမ်းသာပီတိ ဖြစ်ရပါသည်။

   သင်တန်းစတတ်သည့်အချိန် မှ ယခုအချိန်ထိ အခက်အခဲတစ်စုံတစ်ရာ မရှိဘဲ ပျော်ရွှင်ခဲ့ရပါသည်။ ဆရာကြီးဘုရာနှစ်ပါးလုံးကလည်း သင်တန်းသား/သူများ ကို ပညာများ သင်ကြား ပေးရုံသာမက ဘာသာရေးနှင့် ဆိုင်သောအသိပညာများ၊ ဗဟုသုတများကို လည်း မကြာခဏ ပြောပြလေ့ ရှိပါသည်။ ကျောင်းတွင် အလှူအတန်းများရှိသည့် အချိန် တွင်လည်း ကျောင်းဝေယျာဝစ္စ များကိုသူငယ်ချင်းများနှင့်ပျော်ရွင်စွာ ပါဝင်ကူညီခြင်း ဖြင့် အချင်းချင်း ပိုမိုခင်မင်လာရပါသည်။ ထို့ကြောင့်  အဂ္ဂါစာရ အပြည်ပြည်ဆိုင်ရာသာသနာပြုရိပ်သာကျောင်း သည် ဘာသာရေး၊ ပညာရေး သာမက အသိပညာဗဟုသုတ များကိုလည်းတစ်ပြိုင်နက်ထဲ လေ့လာခွင့် ရသောကြောင့် ကျွန်မတို့ အတွက် များစွာအကျိုးရရှိပါသည်။  ဆရာကြီးဘုရား တို့၏ စေတနာ နှင့် မေတ္တာကို  အလေးထားကာ လူတော်လူကောင်းတစ်ယောက် ဖြစ်ရန် ကြိုးစားသွားပါမည် ဆုံဖြတ်ထားပြီး  ဆရာကြီးဘုရား တို့ကို လည်း ကျေးဇူးအများကြီးတင်ရှိပါသည်။🙏🙏🙏🙏🙏🙏🙏

Yin Myo Aye


           အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်းကို ၂၀၂၂ခုနှစ် ဧပြီလ၁၈ရက်နေ့တွင် စတင်ရောက်ရှိခဲ့ပါသည်။သင်တန်းတက်ရောက်ရန်အတွက် ကျောင်းကို ၈နာရီ အရောက်သွားပြီး သင်တန်းသွားအပ်ခဲ့ပါသည်။ကျွန်မသည် (English, Computer, Japanese)တို့ကို သင်ယူနေပါသည်။ဆရာကြီးဘုရားတို့သည် သင်တန်းမစမှီအချိန်တွင် ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းတို့ကို ဦးစွာပြုလုပ်ခိုင်းလေ့ရှိပါသည်။ ဆရာကြီးဘုရားဒေါ်အဂ္ဂဝတီသည် ကျောင်းသူ ကျောင်းသား များကိုဓမ္မစာပေများကိုလည်း သင်ကြားပေးရင်း ဆုံးမစကားများပြောလေ့ရှိပါသည်။

           ဆရာကြီးဘုရား ဒေါ်စာလာထေရီ သည် English နဲ့ Computer ကို သင်ကြားပေးပါ သည်။ English စာကိုသင်ကြားပေးရာတွင်လည်း ဓမ္မစာနှင့် ပါတွဲသင်ပေးသောကြောင့် ဓမ္မစာကြောင်းလဲသိ English စာကို လည်းပိုမို နားလည်စေပါသည်။ အိမ်စာများအနေဖြင့် Grammar လေ့ကျင့်ခန်းများကို ပေးသည့် အတွက် ကြောင့်လည်း ပို၍လေ့လာဖြစ်ပါသည်။ ဓမ္မစာကိုဖတ်ခိုင်းခြင်းဖြင့် reading skill ကိုတိုးတက်လာပါသည်။ ယခုအခါ Computer ကိုလည်း အခြေခံအဆင့် သင်ကြားပြီးဖြစ်ပါသည်။ အခြေခံအဆင့်သင်ကြားပြီဖြစ်သော်လည်း Computer ကို ဆက်လက်သင်ယူနေဆဲဖြစ်ပါသည်။ Computer နဲ့ English သာမက ဂျပန်စာကို လည်းယခုအခါ တက်ရောက်သင်ကြားနေပြီဖြစ်သည်။ 

           သင်တန်းသား/သူ များကလည်း ပညာကို သင်ယူရာတွင် စိတ်အားထက်သန်စွာဖြင့် သင်ယူလေ့လာကြပါသည်။  ကျောင်းတွင်ဆရာကြီးဘုရားတို့က အလှူပွဲများပြုလုပ် သည့်အခါတွင်လည်း သင်တန်းသား/သူ များကလာရောက်ကာ လုပ်အားဒါနပြုကြသည်မှာ ပျော်ရွှင်စရာကောင်းရုံသာမက အချင်းချင်းပိုမိုရင်းနှီးမှုကို ရစေပါသည်။ ဆရာကြီးဘုရားနှစ်ပါးလုံးကလည်း သင်တန်းသား/သူ များကို ယဉ်ကျေးလိမ္မာအောင်အမြဲ သွန်သင်ဆုံးမပေးလေ့ရှိပါသည်။စာတွေ့ထက် လက်တွေ့ ကိုဦးစာပေးသင်ကြားပေးပါသည်။ ထို့ကြောင့် အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်းသည် ကျွန်မတို့အတွက် တိုးတက်မှုအများဆုံး ရရှိနိုင်သည့် နေရာတစ်နေရာပင်ဖြစ်ပါသည်။ ကျွန်မသည် အဂ္ဂါစာရသင်တန်းကျောင်းကို တက်ရောက်သင်ကြားခွင့်ရသည့်အတွက် အရမ်းပျော်ပါသည်။ ဆရာကြီးဘုရားနှစ်ပါး တို့၏ စေတနာ၊ မေတ္တာကို ရိုသေလေးစား၍ ‌ကျေးဇူးတင်ရှိပါသည်။🙏🙏🙏

Comments

Popular Posts